ရန်ကုန် မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ သည် မေလ ၁၅ နံနက် ၁၀ နာရီခန့်တွင်လှည်းကူးမြို့နယ် ဖောင်ကြီးဗဟို ဝန်ထမ်း တက္ကသိုလ် ဧည့်ရိပ်သာတွင် ကိုဗစ် -၁၉ ရောဂါ ကုသရေးစင်တာ (ဖောင်ကြီး) တာဝန်ရှိသူများအားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များနှင့် ကိုဗစ် -၁၉ လူနာများကုသပေးနေမှု အခြေအနေများကို တွေ့ဆုံမှာကြားသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကျန်းမာရေး ဝန်ထမ်းများသည် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်စင်တာများကို စွန့်ခွာ၍ CDM လုပ်သွားခြင်းကြောင့် နိုင်ငံခြား တိုင်းပြည် များမှ ပြန်လာသူ များအနက် ကိုဗစ်ရောဂါပိုး တွေ့ရှိသူများကို ကုသပေးရန် အခက်အခဲ ဖြစ်ခဲ့ သဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာကို ဖေဖော်ဝါရီ လ ၁၈ ရက်နေ့ကတပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များဖြင့် ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်းယနေ့ လာရောက်သည်မှာလည်း တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီမှမြေပြင်ဆောင်ရွက်နေမှုများကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အလေးအနက် ထား၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး ဌာနမှ ဝန်ထမ်းများ မလုံလောက်မှုကြောင့် ဖောင်ကြီး ကုသရေးစင်တာတွင် တပ်မတော်မှ တာဝန်ယူ ဆောင်ရွက်ပေးမှုအခြေအနေများ၊ စားသောက်ရေး၊ လုံခြုံရေးနှင့်စေတနာ ဝန်ထမ်းလုပ်ငန်းများကို တပ်မတော်သား မိသားစုများက ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကိုပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးဇော်ဝင်း က ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးလိုအပ်ချက်များ၊ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းက လက်ရှိကိုဗစ် လူနာများအား ရောဂါကုသနေမှုအခြေအနေများ၊ ဗဟိုဝန်ထမ်း တက္ကသိုလ် ဖောင်ကြီး ခေတ္တပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြ ကြသည်။
တင်ပြချက်များအပေါ်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းမှူး တို့က လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အစီအမံ များ နှင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးမည့် အစီအမံများကိုပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆန်းကျော်ဦး