မိတ္ထီလာ မေ ၁၇
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ မူလတန်းကျောင်း ၈ ကျောင်းသို့ လက်ဆေးဘေစင်များကို ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ယမန်နေ့က သွားရောက် တပ်ဆင်လှူဒါန်းခဲ့ကြောင်းသိရသည်။
မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိတဲ့အထဲက မူလတန်းကျောင်း ၈ ကျောင်း အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကပေးပို့လှူဒါန်းတဲ့ ခြေနင်းလက်ဆေးဘေစင် ၈ ခုကို မိတ္ထီလာခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အနေနဲ့ သွားရောက်တပ်ဆင် လှူဒါန်းပေးတာ ဖြစ်ပါတယ်ဟု ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ပျော်ကုန်း၊ ကြာပင်အင်း၊ သမင်ပျို ၊ ခင်တဲ ၊ ကံကြီးကုန်း ၊ အိုးအိုင့်ကုန်း စသောမူလတန်းကျောင်း ၈ ကျောင်းသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့လှူဒါန်းသည့် ခြေနင်းလက်ဆေးဘေစင်များကို ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က အဆိုပါကျောင်းများသို့ သွားရောက် တပ်ဆင်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ချမ်းသာ