ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ငမိုးရိပ်ရေလှောင်တမံမှ ရန်ကုန်မြို့တော်သို့ ရေပေးဝေရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်

ရန်ကုန်  မေ  ၁၆

ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့်ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် ငမိုးရိပ်ရေလှောင်တမံမှ ရန်ကုန်မြို့တော်သို့ ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ငမိုးရိပ်ရေလှောင်တမံရှင်းလင်းဆောင်တွင်ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန ရေနှင့်သန့်ရှင်းမှုဌာနမှူး ဦးမြင့်ဇော်သန်းက ငမိုးရိပ်ရေပေးဝေရေး စီမံကိန်းဖြင့် ရန်ကုန်မြို့တော်သို့ ရေပေးဝေရေးဆောင်ရွက်နေမှုများနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်နိုင်ဦးက ဌာနချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဒေါက်တာဇော်ဝင်းက  နောင်တိုးတက်လာမည့် လူဦးရေကိုမျှော်မှန်း၍ ရေရှည်တွင် ရန်ကုန်မြို့တော် ရေဖူလုံရေးဆောင် ရွက်ရန်စီစဉ်ထားသည့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့​ပြီး ငမိုးရိပ်ရေထိန်းမျှော်စင်မှ ငမိုးရိပ်ရေလှောင်တမံအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့်အဖွဲ့သည် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငမိုးရိပ်ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်ခြင်းသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ငါးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာ ဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်နှင့် ငါး၊ ပုစွန်၊ ဂဏန်းများကို သဘာဝရေပြင်ကနေ ထုတ်နုတ်စားသုံးနေသည့်အတွက် အလွန်အကျွံ လျော့ပါးမသွားစေရေး ပြန်လည်ဖြည့်ဆည်းသည့်အနေဖြင့် ငါးမျိုးများစိုက်ထည့်ခြင်းဖြစ်ကြောင်း​ နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်မိုးရာသီတွင်ငါးသား ပေါက်ကောင်ရေ ၂၆၀ သိန်း မျိုးစိုက်ထည့်ပေးမည့်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နှစ်လက်မ အရွယ် ငါးမြစ်ချင်း ၁ သိန်း၊ ငါးခုံးမကြီး ၁ သိန်း၊ ရွှေဝါငါးကြင်း ၅ သောင်း တို့ကို ငမိုးရိပ်ရေလှောင်တ မံအတွင်းငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။

ဆန်းကျော်ဦး (ပြန် /ဆက်)