မြောက်ဦး မေ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ ပညာသာမိ ကာရာမ ကျောင်းတိုက်၏ ဦးစီးပဓါနနာယက၊ မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ (နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်) ဖြစ်တော်မှုသော အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ် တော်ရ ဒေါက်တာဘဒ္ဒန္တပညာသာမိ မထေရ်မြတ်ကြီးအား တပည့်တကာ၊ တကာမများမှ ဂုဏ်ပြုပွဲ အဂ္ဂါ အဘိဓဇပူဇာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက် ပုရဝုဏ် အတွင်းရှိ မင်္ဂလာမဏ္ဍပ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မှုကြသော ဆရာတော်သံဃာတော်များ၊ အမှတ်(၅၅) ခြေလျင် တပ်မဌာနချုပ် တပ်မမှူး၊ဗိုလ်မှူးကြီး ဇော်မျိုးဝင်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကောင်းမြတ်နိုင် အမှူး ပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဖွင့်လှစ်ကြသည်။ ဆက်လက်၍ မင်းကန်နီကာယ (သုဓမ္မာ)ပဝါရဏာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်တော်မှုသော တင်းကုတ်ဆရာ တော်ကြီးထံမှ တပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိတ်သတ်များက သရဏာဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကွမ်းတောင်မြောက်ကျေးရွာကျောင်း ဆရာတော်ကြီး (နိုင်ငံတော် သံဃမုတိယ သံဃကိုယ်စားလှယ်) တော်ကြီးမှ သီကုံးပူဇော်အပ်သော ထေရ်ဂုဏ်ရည်ဂါထာ တော်ဖြင့်ချီးမြှင့်ပူဇော်သည်။ ထို့နောက် ပီပင်ရင်းကျောင်းတိုက်မှ ဘဒ္ဒန္တအဂ္ဂဝံသ ဆရာတော်မှ ဆရာတော်ကြီး၏ ထေရုပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်ကြသည်။ ဆက်လက်၍ ရခိုင်တေးသံရှင် ခိုင်ပြည်ကျော်မှ မင်္ဂလာပိုဒ်စုံရတုအား သီဆိုဂုဏ်ပြုပူဇော်ပြီး တပ်မမှူး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများ အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဂုဏ်ပြုပူဇော်ပွဲအတွက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းငွေကျပ် သိန်း(၅၀)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒကစမှူးတို့မှ လှူဒါန်းငွေကျပ်(၁၀)သိန်း၊ ခရိုင် အဆင့် ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ်(၁၂၄၅၀၀၀)ကျပ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လှူဒါန်းငွေ (၁၂၆၀၀၀၀)ကျပ်၊ ရဟန်းသံဃာတော်များမှ လှူဒါန်းငွေ (၁၂၀၆၀၀၀၀)ကျပ်၊ သျှစ်သောင်းဘုရားဂေါပက အဖွဲ့မှ လှူဒါန်းငွေ (၅၂၃၁၀၀)ကျပ်နှင့်အောင်မင်္ဂလာရပ်ကွက် တကာ၊တကာမများမှ လှူဒါန်းငွေကျပ် သိန်း (၃၀)အား လှူဒါန်းကြသည်။ ယင်းနောက် စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓါနနာယက၊ ပြည်နယ် သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမထံမှ ရေစက်သွန်းချ အနုမောဒနာတရားနာကြားခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌာတု သုံးကြိမ် ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း