ကျောက်ဆည် မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက အမှတ်(၁၆) အခြေခံပညာ မူလတန်းကျောင်းတွင် ဆရာ/ဆရာမများ၊ တပ်မတော်သားများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ ကျောင်းဝန်းသန့်ရှင်းရေးနှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါကြောင့် စာသင်ကြားမှုများရပ်နားထားခဲ့ရာမှ ယခုလ နောက်ဆုံးပတ်တွင် ကျောင်းအပ်လက်ခံမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ကျောင်းများ ပြန်လည် ဖွင့်လှစ်ပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်း ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၈၆)ကျောင်းရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် ကျောင်းအပ်လက်ခံမှုများကို မေ(၂၄)ရက်မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သတင်းပတ် အဖြစ် သတ်မှတ်ပြုလုပ်သွားမည်ဖြစ်ကာ ကျောင်းအပ်လက်ခံရာတွင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှု လုံးဝ မရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)