မွန်ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ ​ရေးမြို့နယ်ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

 

မော်လမြိုင်       မေ       ၁၅

 

မွန်ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း​၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့သည် ယမန်နေ့နံနက် ၈ နာရီအချိန်က ရေးမြို့နယ်သို့ သွားရောက်၍ ဒေသဖွံ့ဖြိုး​ရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ရေးမြို့နယ် နှစ်ကရင်ကျေးရွာတွင် Southern Myanmar Development Co.,Ltd မှ ​ဆောင်ရွက်လျက်ရှိသည့် ရေနက်ဆိပ်ကမ်းနှင့် Energy & Power Sector စီမံကိန်းလုပ်ငန်းအား ကြည့်ရှုပြီး စီမံကိန်းရှင်းလင်း​ဆောင်တွင် စီမံကိန်းနှင့် ပတ်သက်သော အကြောင်းအရာများကို Southern Myanmar Development Co.,Ltd မှ ဦးစိန်ဝမ်းက ရှင်းလင်းတင်ပြရာ တင်ပြမှုများအ​ပေါ် လိုအပ်သည်များကို ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌမှ လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ​ရေးနှစ် ခွင့်ပြုရန်ပုံ​ငွေကျပ်​(၁၆၁၆.၁၇၅)သန်းဖြင့်​ ဆောင်ရွက်လျက်ရှိသော (စစ်​တောင်း- သထုံ - ​မော်လမြိုင်​- ​ရေး- မလွှဲ​တောင်အပိုင်း)(လမိုင်းအပိုင်း)ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာ AC ခင်းခြင်းလုပ်ငန်းအား ကြည့်ရှု ပြီး ​ရေးမြို့နယ် ကျိုက်ဒေတမော့ဗရတ်ဦးစီးပဓာန နာယကသာသနာပြုဆရာ​တော် ဘဒ္ဒန္တပုပ္ဖရမ္မ (ကိုရင်​​​လေးဆရာ​တော်)အား ဖူး​မြှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် နယ်စပ်​ဒေသဖွံ့ဖြိုးရေးရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်ခဲ့ သည့် ​ရေးမြို့နယ်၊ ​ခေါဇာ- ​ကျောက်အိုင်- တရုတ်​ထောက် (၃ မိုင် ၄ ဖာလုံ)ကတ္တရာလမ်းသစ်အား ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးခဲ့သည်။

ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည်  ​ခေါဇာ​မြို့၊ အ​ခြေခံပညာ အထက်တန်း​ကျောင်းတွင် ပြန်လည်ပြုပြင်ဆောင်ရွက်ရမည့် ကျောင်း​ဆောင်အဆောက်အဦအားကြည့်ရှု စစ်​ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားပြီး ချောင်း​တောင်​ကျေးရွာ အ​ခြေခံပညာ အထက်တန်း​ကျောင်း(ခွဲ)တွင် နယ်စပ်​ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်​ရေးဦစီးဌာန၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ​ရေးနှစ်၊ ခွင့်ပြုရန်ပုံ​ငွေ ကျပ်သန်း(၂၁၀.၂၁၈)  ဖြင့် တည်​ဆောက်လျက်ရှိသော ​၁၂၀ ​ပေ- ၃၀ ​ပေ R.C.C နှစ်ထပ်ကျောင်းဆောင်သစ်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရ သည်။

ခရိုင်(ပြန်/ဆက်)