အလုံ မေ ၁၅
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၉း၀၀)နာရီအချိန်က အလုံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမိုးပြာဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းမှ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက် ထားရမည့်လုပ်ငန်းများ၊ ကျောင်းများအချိန်မီ ဖွင့်လှစ်နိုင်ရေး၊ လုံခြုံရေး ချထားမည့် အခြေအနေ၊ ပူးပေါင်းကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများမှ အခြေခံပညာ ကျောင်းများအချိန်မီဖွင့်လှစ်နိုင်ရေး၊ လုံခြုံရေးစနစ် တကျချထား ဆောင်ရွက်နိုင်ရေး၊ သန့်ရှင်းရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။
အစည်းအဝေးသို့ ခမရ ၃၃၈ မှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဇော်ဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟစိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာမင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ကျောင်းအုပ်ကြီးများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အခြေခံပညာကျောင်းများကို ဇွန်လ (၁)ရက်နေ့မှစတင် ဖွင့်လှစ်မည်ဖြစ်ပြီး မေလ ၂၄ ရက်နေမှ ၃၁ ရက်နေ့ကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို သန်းရှင်းရေးဆောင်ရွက်ခြင်းနှင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်