ရန်ကင်းမြို့နယ် အခြေခံပညာကျောင်း ပေါင်း၂၀ တွင် မေ ၂၄ ရက်နေ့မှစတင်ပြီး ကျောင်းအပ်လက်ခံပေးသွားမည်

ရန်ကင် မေ ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ပညာရေးဌာနဝန်ထမ်းများက ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ယခင် COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ယခု ၂၀၂၁ မေလ ၂၄ ရက် နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးသွား မည်ဖြစ်ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများက မြို့နယ် အတွင်းရှိ ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

“ကျွန်မတို့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရေး ကာလကို ခေတ္တရပ်ဆိုင်းထားခဲ့ရပြီး ယခုကျောင်းများကို ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက် များနှင့် အညီ ပြန်လည်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် မေလ ၂၄ ရက်နေ့မှစတင်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့   ကျောင်းသားမိဘတွေက ကျောင်းနေအရွယ်ကလေးများကို ကျောင်းအပ်လက်ခံတဲ့အချိန်ကာလ မှာ ကျောင်းကို အပ်နှံပေးရမှာဖြစ်ပြီး ကျောင်းဖွင့်ချိန်မှာလည်း ကျောင်းကိုရောက် အောင်ပို့ပေးရမှာဖြစ် ပါတယ် ကျောင်းများအနေနဲ့လည်း ကျောင်းမဖွင့်မီ သန့်ရှင်းရေးများ၊ ကျောင်းဖွင့်လှစ်ရေးစီမံချက်၊ စာရေးခုံ ထိုင်ခုံများပြည့်စုံအောင် ဆောင်ရွက်ခြင်း၊ သောက်ရေသုံးရေရရှိအောင် ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ခြင်းတို့ကို စီမံဆောင်ရွက် ထားရှိပါတယ်၊ ကျောင်းဖွင့်လှစ်တဲ့အခါ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနဲ့အညီ ပညာသင်ကြားနိုင် ဖို့အတွက် Mask၊ မျက်နှာကာ၊ လက်အိပ်၊ ဆပ်ပြာ၊ အစရှိသဖြင့် ကျန်းမာရေးသုံး ပစ္စည်းများကိုလည်း ထားရှိပေး မှာဖြစ်ပြီး ကျောင်းဖွင့် ဖို့အတွက် ကျောင်းလုံခြုံရေးအနေဖြင့် ကျောင်းသားမိဘများနှင့် ပူးပေါင်းပြီးတော့ လုံခြုံရေး အထောက် အကူပြုကော်မတီ ဖွဲ့စည်းပြီး အလှည့်ကျ စောင့်ရှောက်ပေးမယ့် အစီအစဉ်လည်း ကျောင်းအသီးသီးမှာ ဆောင်ရွက် ထားရှိပါတယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ကျောင်းတွေအားလုံးကိုလည်းပညာရေးကို အခမဲ့ပညာရေးစနစ်ဖြင့် သွားနေပါ တယ်၊ ကျောင်းသားမိဘများကို အဓိကမှာချင်တာကတော့ ကျောင်းဖွင့်တဲ့အခါ စိတ်အေးချမ်း သာစွာ ပညာသင် ကြားနိုင်ရေးအတွက် လုံခြုံရေးကိုလည်းအတွင်းစည်း အပြင်စည်းအနေနဲ့ စီမံဆောင်ရွက်ထားပါတယ်လို့” မြို့နယ် ပညာရေးမှူးမှ ပြောကြားခဲ့သည်။

ထို့ပြင် ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ ထောက်ပံ့မည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း အပ်နှံရမှာဖြစ်ပြီး ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့ကို သင်ရိုးသစ်နှင့် သတ္တမတန်း၊ အဋ္ဌမတန်း၊ ဒသမတန်းတို့ကို သင်ရိုးဟောင်းအဖြစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးလေး(ပြန်/ဆက်)