ရန်ကုန် မေ ၁၄
မူးယစ်ဆေးသုံးစွဲပြီးနောက် ဆေးဖြတ်ပြီး၍ ပြန်လည် ထူတောင်မှုပေးနေသည့် ရန်ကုန် အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး၊ "မေတ္တာစံအိမ် (Half Way House) ခေတ္တနားခိုရာ" နေရာတွင် ပြန်လည်ထူထောင်မှု ခံယူနေသည့် ဒေသအသီးသီးမှ သင်တန်းသားများအား မေလ ၁၄ ရက်နေ့ နံနက် ၉ နာရီ၌ စာရေးဆရာမ ပေါက်ပေါက် က "စိတ်ဓာတ်မြှင့်တင်ရေး နှင့် လူမှုဘ၀နေထိုင်ရေး" ဘာသာအား ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါ သင်တန်းတွင် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ပေါ်ပေါက်လာသော သမိုင်းကြောင်းများ နှင့် ၄င်းတို့၏ ဆိုးကျိုးများအကြောင်း၊ စိတ်ပိုင်းဆိုင်ရာကုထုံးများ၊ ကျန်းမာရေးကုထုံးများ၊ ဘာသာရေး ကုထုံးများ အကြောင်းတို့ကို ဆရာမ ပေါက်ပေါက်က အကျယ်တ၀င့်ရှင်းလင်း ပြောကြားသည်။ ထို့ပြင် သင်တန်းသား တစ်ဦးချင်းစီကို နှစ်သိမ့်ဆွေးနွေးမှု လုပ်ငန်းများအား အပြန်အလှန် ဆွေးနွေးခဲ့သည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို COVID-19 စည်းကမ်းနှင့်အညီပြုလုပ်ကာ သင်တန်း ကြီးကြပ်သူများ၊ သင်တန်းတာ၀န်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ဆက်)