မှော်ဘီ မေ ၁၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေမှု အခြေအနေများ အား ယနေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများက မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာအုပ်စု၊ ကရင်သင်တော ရိုးကျေးရွာတွင် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာရေပေးဝေရေး လုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းဖြစ်သော ကျေးရွာ တွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် အိမ်ခြေ (၄၆)အိမ်၊ လူဦးရေ(၂၇၅)ဦးရှိပြီး လေးလက်မခွဲ ရေတွင်းတစ်တွင်းနှင့် ဂါလံ(၂ဝဝဝ) ဆံ့ ရေလှောင်ကန်ကို ဆောင်ရွက်ပေးခဲ့မှုကြောင့် ကျေးရွာတွင်းသောက်သုံး ရေဖူလုံမှု များရှိပြီဖြစ်ကြောင်းနှင့် ကျေးရွာတွင်းလမ်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသည့်အတွက်လည်း ကျေးရွာတွင်း သွားလာရေးများမှာလည်း အဆင်ပြေ ချောမွေ့နေပြီဖြစ်ကြောင်း မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)