ရန်ကုန် မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ဒေသခံတောင်သူဦးကြီးများ၏ လယ်ယာမြေဧက ၁၈၅၀ ကျော် ရေဝင်နစ်မြုပ်မှုနှင့် ရေကြီးရေလျံမှုမှ ကာကွယ်ပေးနိုင်မည့် ကမာအောင်ချောင်းသွယ် တူးဖော်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ အရှည်ပေ ၅၀၁၆ ပေ တူးဖော်ပြီးစီးကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကမာအောင်ချောင်းသွယ် တူးဖော်ခြင်းလုပ်ငန်းကို We Warmly Welcom ကုမ္ပဏီ မှ တာဝန်ယူ ဆောင်ရွက်ပြီး ရဲချောင်းဝကျေးရွာ၊ ညောင်ငုတ္တိုကျေးရွာနှင့် သပြေကုန်းကျေးရွာ တို့သို့ ဆက်သွယ်ထားသည့် ကမာအောင်ချောင်းသွယ် တစ်လျှောက်ရှိ အကျယ် ၂၂ ပေ၊ အောက်ခြေ ၁၆ ပေ၊ အနက် ၃ ပေခွဲဖြင့် အရှည်ပေ ၅၀၁၆ ပေ ကို တူးဖော်ပြီးစီးကြောင်း၊ ဆက်လက်၍ ကျန်ရှိနေသော အပိုင်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် တူးဖော် ဆောင်ရွက်ပေးနိုင်ရန် လျာထားကြောင်းသိရသည်။
ရန်ကုန်မြစ်၏ လက်တက်ခွဲဖြစ်သည့် ကမာအောင်ချောင်းမှ တစ်ဆင့် ဒလမြို့နယ်အတွင်းရှိ ရဲချောင်းဝကျေးရွာ၊ ညောင်ငုတ္တိုကျေးရွာနှင့် သပြေကုန်းကျေးရွာ၊ ပျော်ဘွယ်ကြီးကျေးရွာများသို့ တစ်ဆက်တည်း ဆက်သွယ် ဖောက်လုပ် ထားသော ကမာအောင်ချောင်းသွယ် တစ်လျှောက် စုစုပေါင်း အရှည်ပေမှာ ၃၇၀၀၀ ကျော်ရှိပြီး၊ မိုးရာသီကာလအတွင်း တောင်သူဦးကြီးများ၏ လယ်ယာမြေသီးနှံများ စိုက်ပျိုးရာတွင် ရေနှစ်မြုပ်မှုနှင့် ရေကြီးရေလျံမှု မဖြစ်ပေါ်စေရေးအတွက် တူးဖော်ပေးခြင်းဖြစ်ကြောင်း၊ ထို့အတူ နွေရာသီ ဆန်းစပါးသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ရန်ကုန်မြစ်ရေ စီးဆင်းလျက် ရှိသော ကမာအောင်ချောင်းမှ ရေထိန်တံခါးတစ်ခု တည်ဆောက်ပေးနိုင်ရေးအတွက် တင်ပြထားကြောင်း၊ သို့မှသာ ရေငန် စီးဝင်မှုမရှိဘဲ ရေချို သိုလှောင်နိုင်မည် ဖြစ်ခြင်းကြောင့် နွေစပါးစိုက်ပျိုးနိုင်ရေး အတွက် အခွင့်အလမ်းများ ရရှိသွားမည်ဖြစ်ကြောင်း၊ နွေစပါးအပြင် အခြားသီးနှံများ တွဲဖက်စိုက်ပျိုးခြင်းဖြင့် တောင်သူဦးကြီးများ၏ ဝင်ငွေတိုးပွားစေမည်ဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နိုင်လင်းကျော်(IPRD)