တံတားဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်း

တံတားဦး  မေ   ၁၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိရေးဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်းခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ကျောက်ဆည်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ပန်းခင်းစီမံချက်နှင့် ပတ်သက်၍  ရှင်းလင်းပြောကြားရာတွင် မိမိမြို့နယ်အတွင်း နေထိုင်ကြသောပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှူးရုံးမှ (၃.၅.၂၀၂၁) ရက်နေ့မှစတင်၍  ရပ်ကွက်/ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း  ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိမိမိမွေးဖွားရာ ဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ ဆောင်ရွက်ပေးခြင်း ၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများကို ဆောင်ရွက်ပေးခြင်း ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်း ရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း ၊ ရွှေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းတို့ကို ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်ရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးသည်။ တံတားဦးမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်အဖြစ် အသက် (၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ စုစုပေါင်း(၉)ထောင်ကျော်ဦး ရှိကြောင်း ၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ ပန်းခင်းစီမံချက် ကို(၁၈)လကြာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတံတားဦး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူး ဦးတင်သန့်ဆွေ ထံမှသိရသည် ။

ရဲတင့်(တံတားဦး)