ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

ဆွေးနွေးပွဲသို့  ဆိပ်ကြီးခနောင်တိုမြို့နယ်  အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးသန်းဆွေ၊  မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီ အတွင်းရေးမှူး  မြို့နယ်စီမံကိန်း အတွင်းရေးမှူး  ဦးဝင်းသိန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူးက ယခင်လဆွေးနွေးပွဲ ဆုံးဖြတ်ချက် များ နှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်း ဦးစီးမှူးက ဘတ်ဂျက် ခွင့်ပြုငွေအရ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဌာနဆိုင်ရာနှင့် ရပ်ကွက်များအလိုက် ဘတ်ဂျက်ခွဲဝေ ခွင့်ပြုမှုအရ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ လျာထား၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများ၊ အသက်(၁၈)နှစ်ပြည့်သူတိုင်း ဆန္ဒမဲပေးနိုင်ရေး မြို့နယ်ရပ်ကွက်များအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မြို့နယ်အတွင်း လျှပ်စစ် ဓာတ်အား ပြည့်ဝစွာရရှိရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦးသစ်များ ဆောက်လုပ်ပြီးစီးမှု အခြေ အနေများနှင့် ဒေသ ဖွံ့ဖြိုးရေး အခြားလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား အလှည့်ကျ ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များ နှင့် မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူးတို့က ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)