ကျောက်ဆည် မေ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မေလ(၄)ရက်နေ့နှင့်(၁၀)ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့် ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်လွင်က အဖွင့်အမှာစကားပြေကြားခဲ့ပြီး လေဘေးသင့်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့သော ပါယ်လေးဆယ်ကျေးရွာ၊ ရွာပုလဲကျေးရွာ၊ အနောက်သာဂရကျေးရွာ၊ မိုးကြိုးကုန်း ကျေးရွာ၊ သံချပ်ကုန်းကျေးရွာနှင့် ရှမ်းသူငယ်ကျေးရွာ၊ ဒါန်းတိုင်ကျေးရွာ၊ ကျောက်ဆောက်ကလေးကျေးရွာ၊ ကျောက်ဆောက်ကုန်းကျေးရွာ၊ ပေတောကြီးကျေးရွာနှင့် ကွမ်းခြေကျေးရွာတို့မှ ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် မေ(၄)ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီး(၂)ကျောင်းနှင့် အိမ်ထောင်စု(၇၆)စုအတွက် ဆန်ရိက္ခာဖိုးနှင့် အဆောက်အဦးပြန်လည် ပြုပြင် ဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေ(၅၇၁၂၈၀၀)ကျပ်နှင့် မေ(၁၀)ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ် ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိသားစု(၂)စုအတွက် စောင်၊ တဘက်၊ ကျား လုံချည်၊ မလုံချည်၊ ဒန်အိုး၊ စတီးဇလုံ စသည့် ထောက်ပံ့ပစ္စည်း (၁၇)မျိုးပါ ပုံး(၁)ပုံးနှင့် ထောက်ပံ့ငွေ(၂၀၂၆၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)