စစ်တွေ မေ ၁၄
ရခိုင်ပြည်နယ်၌ တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်း စီမံချက်နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်က တိုင်းရင်းသား များနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား(ပြု) လက်မှတ် ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် နိုင်ငံသားတိုင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရမည်ဟူသော ရည်မှန်းချက်ဖြင့် ရခိုင်ပြည်နယ်မှ တိုင်းရင်းသား များအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော သန့်ရှင်းသော ရွေးကောက်ပွဲ ကျင်းပရာတွင် နိုင်ငံသားတိုင်း အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားသည်လည်း မရှိမဖြစ်အဓိက လိုအပ်သောအချက်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိရေးကို အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် ဦးစားပေးဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း ယခုလုပ်ငန်းအောင်မြင်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ် စွမ်းရှိသလောက် ပါဝင်ကူညီပေးရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာန အနေဖြင့် ဆောင်ရွက်ပေး နေသကဲ့သို့ ပြည်နယ်အတွင်း မှာရှိသော ဌာနဆိုင်ရာအားလုံးနှင့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး များကပါ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။ ဆက်လက်၍ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦးက ပန်းခင်း စီမံချက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးပြီ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးတို့က စီမံချက်အောင်မြင်နိုင်ရေးအတွက် ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး၊ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များကို ဖြည့်စွက်ဆောင်ရွက် ပေးနိုင်ရေး အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း