ရန်ကုန် မေ ၁၃
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၄၇)ကျောင်းကို ပညာရေးဌာနဝန်ထမ်းများက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။
COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ မေလ ၂၄ ရက်နေ့မှ ၃၁ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်ပါက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
“ကျွန်တော်တို့ သင်္ဃန်းကျွန်းမြို့နယ်မှာဆိုရင် မေလ ၂၄ ရက်နေ့မှစတင်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းသားမိဘတွေက ကျောင်းနေအရွယ်ကလေး များကို ကျောင်းအပ်လက်ခံတဲ့ အချိန်ကာလမှာ ကျောင်းကို အပ်နှံပေးရမှာ ဖြစ်ပါတယ် ကျောင်းများ အနေနဲ့လည်း ကျောင်းမဖွင့်မီ သန့်ရှင်းရေးများ၊ ကျောင်းဖွင့်လှစ်ရေးစီမံချက်၊ စာရေးခုံ ထိုင်ခုံများ ပြည့်စုံအောင် ဆောင်ရွက် ခြင်း၊ သောက်ရေ သုံးရေ ရရှိအောင် ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ခြင်းတို့ကို စီမံဆောင်ရွက် ထားရှိပါတယ် ကျောင်းဖွင့်ဖို့အတွက် ကျောင်းလုံခြုံရေးအနေဖြင့် ကျောင်းသားမိဘများနှင့် ပူးပေါင်းပြီးတော့ လုံခြုံရေး အထောက်အကူပြုကော်မတီ ဖွဲ့စည်းပြီး အလှည့်ကျ စောင့်ရှောက်ပေးမယ့် အစီအစဉ်လည်း ကျောင်းအသီးသီးမှာ ဆောင်ရွက် ထားရှိပါတယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ကျွန်တော်တို့ပညာရေးကို အခမဲ့ ပညာရေးစနစ်ဖြင့် သွားနေပါတယ်လို့” မြို့နယ်ပညာရေးမှူးမှ ပြောကြားခဲ့သည်။
ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း အပ်နှံရမှာဖြစ်ပြီး ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့ကို သင်ရိုးသစ်နှင့် သတ္တမတန်း၊ အဋ္ဌမတန်း၊ ဒသမတန်းတို့ကို သင်ရိုးဟောင်းအဖြစ် သင်ကြားပို့ချသွားမည်ဖြစ်သည်။
ထို့ပြင် ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝ မရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် မျက်နှာ အကာ(Face Shield)တို့ကို အခမဲ့ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)