မြစ်သား၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

မြစ်သား ဩဂုတ် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးလောင်မှုလျော့နည်းစေရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ မိုတယ်၊ တည်းခိုခန်း၊ လူနေအဆောက်အဦ၊ စက်သုံးဆီဆိုင်များ၊ ဈေးများ၊ ဆေးရုံ (ဓါတ်မှန်ခန်း၊ ဓါတ်ခွဲခန်း) များ၊ ဘဏ်များအား မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြစ်သားမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ CB ဘဏ်များကို မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်နေဆန်းနှင့် သန္ဓေတပ်ဖွဲ့ဝင် (၂) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးတို့က ဆောင်ရွက်ခြင်းဖြစ်ပြီး မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုလျော့နည်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ထိုသို့စစ်ဆေးရာတွင် မီးပြန့်ပွားမှုမှကာကွယ်နိုင်ခြင်း ရှိ/မရှိ၊ မီးလှန့်အချက်ပေးကိရိယာများ တပ်ဆင်ထားခြင်းရှိမှု အခြေ အနေ၊ မီးသတ်ယာဉ်များ အလွယ်တကူဝင်ထွက်နိုင်ခြင်း ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရှိမှုအခြေအနေ၊ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရေရရှိရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေ စသည့်အချက်များအပါအဝင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးချက်မှတ်တမ်း (၁၃) ချက်နှင့်အညီ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆုမွန်