အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

ဆီဆိုင်     မေ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူး ဦးစိုးသစ်၊ အထကဘန်းယဉ်၊ အထကဆိုက်ခေါင်၊ အထကဆီဆိုင်ကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် ဒုတိယရဲမှူးကြီး နေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစိုးသစ်တို့က ပညာရေးသည် ရပ်တန့်ရန် မရပါကြောင်း မကြာခင်အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် အဆင်ပြေပြေလုံလုံခြုံခြုံချောချောမွေ့မွေ့ဖြင့် ဖွင့်လှစ်နိုင်ရေး၊ Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သည့်အတွက် ဆောင်ရွက်ရမည့် အစီအမံများ၊ ကျောင်းဖွင့်ကာလမှာ ကျောင်းသား/ ကျောင်းသူများ လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးပြီး တက်ရောက်လာကြသူများက ကျောင်းအနေအထား၊ ကျောင်းသားဦးရေ၊ ဆရာ/ဆရာမဦးရေတို့ကို တင်ပြဆွေးနွေးကြကြောင်း သိရသည်။

ခွန်ရဲထွေး(ပြန်/ဆက်)