ကျောက်ဆည်မြို့နယ်တွင်ကျေးရွာတွင်းလမ်းနှင့်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုများကွင်းဆင်းစစ်ဆေး

ကျောက်ဆည် မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဦးဝင်းမြင့်သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်(၉)နာရီက ၂၀၂၂-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျှက်ရှိသော ကျောက်ဆောက်ကုန်း ကျေးရွာတွင်းလမ်းများနှင့် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် ကျောက်ဆောက်ကုန်းကျေးရွာတွင်း ကွန်ကရစ်လမ်းသည် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေအတိုးရငွေ၏ (၅၀)ရာခိုင်နှုန်း ငွေကျပ်သိန်း(၁၄၀)ဖြင့် အရှည်(၁၂၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု(၆)လက်မရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းဖြစ်ပြီး၊ ကျေးရွာကုန်ထုတ်လမ်းမှာ အရှည်(၁/၁.၀၉)မိုင်၊ အကျယ်(၁၂)ပေ၊ အောက်ခံမြေသား(၂)ပေပေါ်တွင် ဂျင်းမြေ(၉)လက်မ ထပ်ပိုးလွှာခင်းပြီး လမ်းရေရှည် တည်တံ့စေရေးအတွက် လမ်းပခုံးသားမြေဖို့ခြင်းနှင့် လမ်းဘေးရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများပါဝင်ကာ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၅၄.၁၇၉)ဖြင့် ဇွဲအောင် ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်လျှက် ရှိကြောင်း သိရှိရသည်။

အဆိုပါလမ်းများပြီးစီးပါက တောင်သူ(၁၁၀)ဦး၏ စိုက်ပျိုးသီးနှံမျိုးစုံ(၄၀၆)ဧကမှ ထွက်ကုန်များကို ရာသီအရွေး လွယ်ကူစွာသယ်ယူနိုင်မည် ဖြစ်ကြောင်းနှင့် ကျေးရွာအိမ်ထောင်စု(၂၁၀)၊ လူဦးရေ(၉၇၅)ဦး တို့၏ လူမှုရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေးနှင့်ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)