မိုင်းယောင်းမြို့နယ်၌ ပန်းခင်းစီမံချက် ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ

မိုင်းယောင်း မေ ၁၃

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပန်းခင်းစီမံချက် ရှင်းလင်းခြင်းအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးပွားမောင် က ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း ပန်းခင်းစီမံချက်အကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူတို့က မရှင်းလင်းသည့် အချက်များ၊ သိရှိလိုသည့် အချက်များကို မေးမြန်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးပွားမောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိုင်းယောင်းနှင့် မိုင်းယုမြို့မှ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ တက်ရောက်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း