နေပြည်တော် မေ ၁၃
ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁)ကို ယမန်နေ့မွန်းလွဲ (၂)နာရီ က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးအေးလူ က ခရိုင်အဆင့်ဌာနဆိုင်ရာများ အနေဖြင့် လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ လျှပ်စစ်ဓာတ်အားများ ချွေတာသုံးစွဲကြရေးနှင့် ရငွေလျာထားချက်များ ပြည့်မီရေးဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍၊ ခရိုင်ပညာရေးမှူးရုံးမှ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ပထမ(၆)လပတ်ကုန်အထိ ကဏ္ဍအလိုက် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး အခြေအနေ (ယာယီစာရင်း) အခြေအနေများ၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊နွားကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်များ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများ စိုက်ထည့်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးနှင့် အဖွဲ့ဝင်(၂) ဦးကျော်ကျော်နိုင် တို့မှ လိုအပ်သည်များ ပြန်လည်မှာကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မျိုးလွင် က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးအေးလူ က နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို မွန်းလွဲ(၃:၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)