နေပြည်တော် မေ ၁၂
နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်နှင့်ပတ်သက်၍ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် တရားမျှတသော အထွေထွေရွေးကောက်ပွဲဖြစ်ရန် လိုအပ်သောကြောင့် မဲဆန္ဒရှင်ပြည်သူတိုင်း ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့် နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်လက်မှတ် တစ်မျိုးမျိုးကိုင်ဆောင်ခွင့်ရရှိရေးအတွက် “ပန်းခင်း”စီမံချက်ကို စတင်ဆောင်ရွက်မှာဖြစ်ကြောင်း၊ “ပန်းခင်း” စီမံချက်အနေဖြင့် နေပြည်တော်ရှိ မြို့နယ် (၈) မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး မရှိသူများကို ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ “ပန်းခင်း”စီမံချက်သည် အချိန်နှင့်တပြေးညီ ပြီးစီး အောင်လုပ်ရမည့် လုပ်ငန်းဖြစ်သဖြင့် ဌာနဆိုင်ရာများက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများ အောင်မြင်မှာဖြစ်ကြောင်း၊ သွားလာရေးခက်ခဲသည့် နေရာများကို ကြိုတင်စီစဉ်ထားကြ ရန်လိုကြောင်း၊ အဓိကအကျဆုံးမှာ Data စာရင်းအချက်အလက် မှန်ကန်ရန်နှင့် အချိန်မီပြီးစီးရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းလွင်က “ပန်းခင်း”စီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်များက လိုအပ်သည့်များကို ဖြည့်စွက်ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးတင်ပြကြရာ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)