ပွင့်ဖြူမြို့နယ်တွင် နှစ်ရှည်သီးနှံပိန္နဲသီးနှံစိုက်ပျိုးတောင်သူများ ပိန္နဲသီးအမှည့်ပေါ်ချိန် ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ     မေ      ၁၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေ ပေါကြွယ်ဝမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို နွေ ၊ မိုး ၊ ဆောင်း ရာသီမပျက် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး သီးနှံများစိုက်ပျိုးရာတွင် ကိုယ်ပိုင်စက်ရေတွင်းများဖြင့် ဥယျာဉ်ခြံမြေများ တွင် ဈေးကွက်ကောင်းသည့် နှစ်ရှည်သီးနှံ ပိန္နဲကို အားထားစိုက်ပျိုး လုပ်ကိုင်ကြရာ ယခုနှစ်တွင် အိမ်မာ(အကြွပ်သီး)ပိန္နဲသီးနှံမှာ ဈေးကောင်း ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရ သည်။

ပိန္နဲသီးနှံသည် အိမ်မာနှင့် အိမ်ပျော့ ဟူ၍ နှစ်မျိုးရှိပြီးအိမ်မာမျိုး၏ အရွက်သည် ပို၍ဝိုင်းကာ အသီးမှာလဲ ပို၍စိမ်းပြီး ချောသည်။ အသားထူပြီး အစေ့ သေးငယ်သည်။ အိမ်ပျော့မျိုးသည် အိမ်မာမျိုးထက် ညံ့ဖျင်းပြီး အသားနည်း၍ အသီးငယ် ကာ အစေ့ကြီးသည် ၊ အပြင်အခွံလည်း ကြမ်းသည်။ ပိန္နဲသီးနှံသည် ပူအိုက် စိုစွတ်သော ရာသီဥတုကို နှစ်ခြိုက်သဖြင့် မြန်မာပြည်အလယ်ပိုင်း  ရေသွင်း၍ စိုက်ပျိုးနိုင်သည်။ ‌ပိန္နဲသီးနှံစိုက် ပျိုးရန်ဖြစ်ထွန်းသည့်မြေအမျိုးအစားမှာ ပင်စည် အမြစ် နက်နက်ဆင်းနိုင်ရန်အတွက် မြေသားထူ၍ မြေဩဇာ ထက်သန်သော‌ မြေတွင် စိုက်ပျိုးပါက အောင်မြင်ဖြစ် ထွန်းမှုရှိပြီး ရေဝပ်သောမြေတွင် စိုက်ပျိုးပါက အပင်ပေါက် ညံ့ဖျင်းသည့်အပြင် အပင်ကြီးထွားမှုလည်း မကောင်းပေ။ ပိန္နဲသီးနှံကို မြေချစိုက်ရန် အကောင်းဆုံးအချိန်မှာ မိုးရွာချိန်ဖြစ်သည့် မေလနှင့် ဇွန်လများတွင် အများဆုံး စိုက်ပျိုး လေ့ရှိကြပြီး တစ်ပင်နှင့် တစ်ပင် အနည်းဆုံး ပေ ၃၀ ၊ ၄၀ အထိခြား၍ ကျင်းစနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ သီးနှံပင် အောင်မြင် ဖြစ်ထွန်းစေရန် နွားချေး သို့မဟုတ် သစ်ရွက်ဆွေးမြေဩဇာထည့်၍ စိုက်ပျိုးရသည်။ မိုးဦးတုနှင့် မိုးနှောင်း ကာလများတွင် ပုလဲဓာတ်မြေဩဇာကို ကျွေးပေးသင့်သည်။ အသီးသီးနေသော အပင်ကြီးများတွင် မိုးအကုန် သီးကင်းဝင်စ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ လောက်တွင် မြေဩဇာကျွေးပေးရသည်။ ပိန္နဲပင်သည် အစေ့မှ စိုက်လျှင် အနည်းဆုံး ၆ နှစ် မှ ၈ နှစ်ကြာတွင် အသီးများစတင်သီးကာ အသီးမှည့် မမှည့်ကို အသီးပေါ်ရှိဆူးများ ကျဲသွားသည် ကိုကြည့်၍ လည်းကောင်း ၊ လက်ဖြင့်ပုပ်၍ လည်းကောင်း သိနိုင်သည်။ မမှည့်သောအသီးများ အမြန်မှည့်ရန် အညှာကို သပ်ရိုက်၍ အုပ်ပေး ခြင်းဖြင့် အမှည့်မြန်စေပါသည်။ ပိန္နဲပင်တစ်ပင်သည် အများဆုံးတစ်နှစ်လျှင် အသီးအလုံးရေ ၅၀ အထိ သီးနိုင်သည်။ ပျမ်းမျှတစ်ပင်လျှင်အသီးလုံးရေ ၃၀ ခန့် သီးလေ့ရှိသည်။

 “ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာရှိတဲ့တောင်သူတွေဟာ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဥယျာဉ်ခြံမြေ များ ပြုလုပ်ကာ နှစ်ရှည်သီးနှံဖြစ်တဲ့ ပိန္နဲ ၊ သရက် ၊ သနပ်ခါး ၊ မန်ဂျန်ရှား ၊ လျှော်ဖြူ စတဲ့ သီးနှံများကို စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ နှစ်ရှည်သီးနှံတွေထဲမှာ ဈေးကောင်းရရှိတဲ့ အိမ်မာ(အကြွပ်သီး)မျိုးကို အားထား စိုက်ပျိုးလုပ် ကိုင်ကြပါတယ်။ ခု ပိန္နဲသီးမှည့်ချိန်မှာ အလုံးအကြီး၊ အသေးပေါ် မူတည်ပြီး တစ်လုံးငွေကျပ် ၅၀၀၀ မှ ၂၅၀၀၀ အထိ ရောင်းရပါတယ်။ ဈေးကောင်းရတဲ့အတွက် ပိန္နဲအိမ်မာ(အကြွပ်သီး)မျိုးကို တောင်သူတွေအနေနဲ့ တစ်ပိုင်တစ်နိုင် စိုက်ပျိုး လုပ် ကိုင်သင့်ပါတယ်ဟု ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ရဲဝင်းနိုင် ( ညောင်ဦး )