မြောက်ဦးမြို့၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ စီစဉ် ဆောင်ရွက်

မြောက်ဦး  မေ  ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်၍ ပညာရေးဝန်ကြီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၏  ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့ နံနက်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းသား/ ကျောင်းသူများကို ကျောင်းအပ်နှံလက်ခံပေးသွားမည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှ စတင်၍ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူများကို သက်ဆိုင်ရာသင်ခန်းစာ ဘာသာရပ်များအား သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကြိုတင် ပြင်ဆင်မှုများအနေဖြင့် ကျောင်းပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများ၊ ကျောင်းခြံဝင်းအတွင်း ပေါက်ရောက်နေသော မြက်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်သရိုက်များအား မီးရှို့ခြင်းများကို အခြေခံပညာကျောင်းများရှိ ကျောင်းအုပ် ဆရာ/ ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များမှ စုပေါင်းကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ဒုမြို့နယ် ပညာရေးမှူး ဆရာကြီးဦးစံရွှေထံမှ သိရှိရသည်။

ခင်မောင်ထွန်း