ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက်ကို မေလ ၃ရက်နေ့မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့အထိ ဆောင်ရွက်ပေးမည်

မန္တလေး မေ ၁၂

မြန်မာနိုင်ငံသား၊ တိုင်းရင်းသားများနှင့် တိုင်းရင်းသားမဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သော ဥပဒေအရ နိုင်ငံသားများအား ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေတို့ဖြင့် လည်းကောင်း၊ ၁၉၅၁ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်း ဥပဒေတို့ဖြင့်လည်းကောင်းစိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်း လုပ်ငန်း၊ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ မေလ ၃ရက်နေ့မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့အထိ စုစုပေါင်း (၁၈) လတာ ကာလကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။

" ပန်းခင်း စီမံချက်မှာ ဆောင်ရွက်ပေးမှာတွေကို ၄မျိုး သတ်မှတ်ထားပါတယ်။ နံပါတ် ၁ကတော့ လက်ရှိဇာတိမှာ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်း ရှိပေမယ့် မှတ်ပုံတင်မရှိဘူးဆိုရင် အဲလူတွေကို ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးမှာ ဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ လက်ရှိဇာတိမှာ အမြဲနေထိုင်ပြီး အိမ်ထောင်စုစာရင်းထဲမှာလည်း မပါဘူးဆိုရင် သူတို့ကို အိမ်ထောင်စုစာရင်းထည့်ပေးပြီး ဥပဒေအရ ကိုင်ဆောင်သင့်တဲ့ ကဒ်တစ်မျိုးမျိုး ထုတ်ပေးမှာ ဖြစ်ပါတယ်။ နံပါတ် ၃ ကတော့ ရွေ့ပြောင်းနေထိုင်သူတွေက မူလဒေသမှာ အိမ်ထောင်စုဇယားရှိပြီး ကိုင်ဆောင်တဲ့ လက်မှတ်မရှိဘူးဆိုရင် ယခင်မူလ အိမ်ထောင်စုဇယားကို မူရင်းဒေသတွင် ပယ်ဖျက်စေပြီး လက်ရှိဒေသမှာ တရားဝင် အိမ်ထောင်စုစာရင်း ထုတ်ပေးပြီး အဲဒီလူတွေကို ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးမှာ ဖြစ်ပါတယ်။ နံပါတ် (၄)ကတော့ ရွေ့ပြောင်းတွေက မူလဒေသမှာလည်း အိမ်ထောင်စုစာရင်းလည်း မရှိဘူး။ ကိုင်ဆောင်တဲ့ လက်မှတ်လည်း မရှိဘူးဆိုရင် အဲလူတွေကို လက်ရှိဒေသမှာ နေမယ်ဆိုရင် Mအမှတ်တံဆိပ်ပါ အိမ်ထောင်စုစာရင်းကို ထုတ်ပေးပြီး ဥပဒေအရကိုင်ဆောင်သင့်သည့် တ်တစ်မျိုးမျိုး ထုတ်ပေးမှာ ဖြစ်ပါတယ်။ " ဟု ချမ်းအေးသာစံမြို့နယ် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်အောင်က ပြောသည်။ ထိုသို့ စီမံချက်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က နိုင်ငံသားစိစစ်ရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေး အဖွဲ့ (၅)ဦးကော်မတီကို ဖွဲ့စည်းပေးရန်လိုအပ်ပြီး လိုအပ်ချက်များ ပူးပေါင်းဆောင်ရွက်ရန် ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစသည်ဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းပေးနိုင်ရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြထားကြောင်း၊ ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃၀ရက်တွင် အသက်(၁၈)နှစ်ပြည့်လာမည်သူနှင့် ၁၈နှစ်ပြည့်ပြီးသူများအား ၂၀၀၄ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ ရှေ့ပိုင်း မွေးဖွားသူများအား အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရှိသူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုးလက်ဝယ်ရရှိရေးတို့အား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တင်လင်းထက်