ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား ဂုဏ်ပြုတွေ့ဆုံ

စစ်တွေ မေ ၁၂ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား နှင့် အသက် (၂၅) နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစား အသင်း အဖွဲ့များအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စစ်တွေမြို့ ဦးဥတ္တမ ခန်းမ၌ ကျင်းပသည်။ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအား ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ခရိုင် အလိုက်ပြိုင်ပွဲဝင်အမျိုးသား၊ အမျိုးသမီးအသင်းများက အဖွဲ့လိုက်မိတ်ဆက်ကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းက အားကစားဖွံဖြိုးတိုးတက်ရေး သည် နိုင်ငံ၏စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်အချိုးကျပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသည့်ကဏ္ဍပေါင်းစုံကို တိုးတက်မြင့်မားစေရန် လုပ်ဆောင်သည့်အခါ အဓိကအချက် ဖြစ်သော ကျန်းမာကြံ့ခိုင်သည့်လူမျိုးများဖြစ်ကြရန် အင်မတန်အရေးကြီးပါကြောင်း၊ မိမိတို့ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ယခုပြိုင်ပွဲသည် ပထမဆုံးကျင်းပသော ပြိုင်ပွဲဖြစ်သည့်အပြင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်ရန်အတွက် ကျရာ အခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြသူများကိုလည်း အထူးပင်ကျေးဇူးတင်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ပြည်နယ်အတွင်းမှာရှိသော တိုင်းရင်းသားမျိုးနွယ်စုများ၏ စည်းလုံးညီညွတ်သည့် စိတ်ဓာတ်များ၊ ဇာတိသွေး၊ ဇာတိမာန်ရှင်သန်ထက်မြက်လာစေရန် ဦးတည်ချက်များနှင့် အားကစား လှုပ်ရှားမှုများကို ပြည်နယ်သူ၊ ပြည်နယ်သားအားလုံးပါဝင်လာစေရန် မြှင်တင်ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း၊ ဘောလုံးပြိုင်ပွဲများကျင်းပပေးခြင်းအား မိမိဒေသ၊ မိမိတို့ပြည်နယ် တည်ငြိမ် အေးချမ်းမှုကို ဖော်ညွှန်းပြသနိုင်သကဲ့သို့ တဖက်တွင်လည်း လူအများ အားကစားကို စိတ်ပါဝင်းစား လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုများ ပပျောက်လာမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် စုပေါင်းစခန်းသွင်းလေ့ကျင့်ခြင်းမှာလည်း အချိန်လေးစားတတ်မှု၊ စည်းကမ်းလိုက်နာတတ်မှု၊ အမိန့်နာခံတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ သန့်ရှင်းမျှတသည့် စိတ်ထားများ၊ မိမိကိုယ်ကို ယုံကြည်မှု၊ ရဲရင့်မှု စသည့်ကောင်းမြတ်သော စိတ်ထားများကို အားကစားသမားများအားလုံး လူမှုနယ်ပယ်တွင် အသုံးချနိုင်ရန်လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်းနှင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးအတွက်လည်း မိမိတို့ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အပြည့်အဝ လမ်းညွှန်ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ခရိုင်အလိုက် ပြိုင်ပွဲဝင် အမျိုးသားဘောလုံးအသင်းများနှင့် ပြိုင်ပွဲဝင် အမျိုးသမီးဘောလုံးအသင်း များအား အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြပြီး ကစားသမားများကို လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားကြသည်။ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားနှင့် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို မေလ ၁၄ ရက်နေ့မှ ၂၅ ရက်ထိ စစ်တွေမြို့ ဝေသာလီ အားကစားကွင်းတွင် ကျင်းပသွားဖြစ်သည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အိန္ဒိယ၊ မြန်မာချစ်ကြည်ရေးအဖြစ် ဆောင်ရွက်လျက်ရှိသော ကုလား တန်မြစ်ကြောင်း ဘက်စုံသုံး ဆိပ်ခံတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။ တင်ထွန်း