မိတ္ထီလာမြို့၌ မေတ္တာရေကြည် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်း သို့ လာရောက်ပြသသည့်လူနာများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

မိတ္ထီလာ မေ ၁၂

မိတ္ထီလာမြို့၌ ဝန်ဇင်းရပ်ကွက်ရှိ ပထမကျော်ဘုန်းတော်ကြီးသင်ပညာရေး မူလတန်း ကျောင်းမှ ဖွင့်လှစ်ထားသောမေတ္တာရေကြည် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက် ပြသသည့် လူနာများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

 မေတ္တာရေကြည် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းကို မိတ္ထီလာမြို့နယ်အတွင်းက လူနာတွေတင်မကဘဲ မလှိုင်၊ဝမ်းတွင်း၊ သာစည်နဲ့ ပျော်ဘွယ်မြို့နယ်တွေဘက်က လူနာတွေလည်း လာရောက် ဆေးကုသမှုခံယူတာရှိပါတယ်။ ဆေးခန်းမှာတစ်နေ့ကို လူနာ ၆ဝ ဦးနဲ့ ၈ဝ ဦးကြား လာရောက်ပြသကြတယ်။ ဆေးခန်းပိတ်ရက်က လပြည့်လကွယ်ရက်တွေပဲပိတ်ပြီး ကျန်ရက်တွေ နေ့စဉ်ဖွင့်လှစ်ကုသပေးနေတာဖြစ်ပါတယ်ဟု  အဆိုပါဆေးခန်းတာဝန်ခံဆရာတော် ဘဒ္ဒန္တသဇ္ဇနက မိန့်ကြားသည်။ မေတ္တာရေကြည် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းတွင် စေတနာရှင် ဆရာဝန်များနှင့် သူနာပြုဆရာဆရာမလေးများ မှအလှည့်ကျ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပြီး လစဉ်နေ့စဉ် ဆေးကုသိုလ်ရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့်  ကုသိုလ်ဖြစ်ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ဆောင်ရွက် နေခြင်းဖြစ်သည်။ အဆိုပါ မေတ္တာ ရေကြည် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းသို့ တစ်နေ့တာ ဆေးကုသိုလ် လှူဒါန်း လိုသူများအနေဖြင့်  တစ်နေ့တာ ဆေးဖိုးငွေသုံးသောင်းကျပ်နှုန်းဖြင့် ဆေးခန်း တာဝန်ခံ ဆရာတော် ဘဒ္ဒန္တသဇ္ဇန ၀၉-၄၄၄၀၂၄၈၂၁ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

မေတ္တာရေကြည်ကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးခန်းဖွင့်ရက်တိုင်းတွင် နေ့စဉ် နံနက် ၇ နာရီမှ ၁၂ နာရီအချိန်ထိ အထွေထွေရောဂါလူနာများကိုဆေးကုမှုပေးပြီး မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအချိန်ကအထိ အရေးပေါ်(Accident)လူနာများကို ဆေးကုသမှုပေးလျက်ရှိကြောင်းသိရသည်။ ခရိုင်ပြန်/ဆက်