ရန်ကင်း မေ ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီက မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များအား တရားဝင်စာကြည့်တိုက်မှတ်ပုံတင် ကတ်ပြားများ ပေးအပ်ခြင်းနှင့် မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ် မြို့မစာကြည့်တိုက်၌ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာငွေစိုးမှ ရန်ကင်း မြို့နယ်အတွင်း ရပ်ကွက် ၁၅ ရပ်ကွက်ရှိရာမှ စာကြည့်တိုက်(၂)တိုက်သာ ဖွင့်လှစ်ပြီး မှတ်ပုံတင် လျှောက်ထားနိုင်၍ ကျန်ရပ်ကွက်များတွင်လည်း စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြဖို့ လိုအပ်နေသေးကြောင်း၊ မြို့နယ်စာကြည့်တိုက်၊ ကော်မတီဝင်များနှင့် ရပ်ကွက် စာကြည့်တိုက်များ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးကြဖို့လိုကြောင်း၊ စာကြည့်တိုက်လုပ်ငန်း များကိုလည်း စနစ်တကျ သပ်သပ်ရပ်ရပ် ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဆွေးနွေးပြောကြားခဲ့ သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက စာကြည့်တိုက်များအား အများပြည်သူ ၊ စာပေဖတ်ရှုနိုင်ရေးနှင့် စာကြည့်တိုက် ဖွင့်လှစ်မှုကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ထားရှိစေလိုကြောင်း၊ စာကြည့်တိုက်လုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်ကြစေ လိုကြောင်း၊ စာကြည့်တိုက်သို့ စာပေဖတ်ရှုသူ တိုးပွားအောင် စည်ရုံးဆောင်ရွက်ကြစေလိုကြောင်း စာပေဖတ်ရှုမှုများမှသာ ရပ်ကွက်အတွင်း အမှုအခင်းလျော့နည်းမည်ဖြစ်ကြောင်း၊ စာကြည့်တိုက် ကြီးကြပ်ရေး၊ ကော်မတီ ဝင်များနှင့် ရပ်ကွက်စာကြည့်တိုက်များမှ တာဝန်ရှိသူများ မကြာခဏ တွေ့ဆုံဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြဖို့လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိ သူများက စာကြည့်တိုက် (၂)တိုက်သို့ တရားဝင် စာကြည့်တိုက် မှတ်ပုံတင်ကတ်ပြားများ ပေးအပ်ခဲ့ရာ တက်ရောက်လာသည့် စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ပြီးနောက် မိမိတို့ စာကြည့်တိုက် အခြေအနေများနှင့် ပတ်သက်၍ တင်ပြဆွေးကြရာ မြို့နယ် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)