ပျဉ်းမနား မေ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒကိ္ခဏခရိုင်၊ ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်း(အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့၊ နံနက်(၈)နာရီတွင် ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း(ဇီးကုန်း)၌ ကျင်းပသည်။
ရှေ့ဦးစွာ မြန်မာ့သိုင်း(အခြေခံ)သင်တန်းကို နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးသိုက်ဝေဖြိုး၊ အဖွဲ့ဝင် ဗိုလ်မှူး ဝေဖြိုးနိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး၊ ပျဉ်းမနား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးသိုက်ဝေဖြိုးက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ အမျိုးသားအားကစားနည်းများအနက်မှ မြန်မာ့သိုင်း အားကစားနည်းကို မြှင့်တင့်သွားရန်၊ တစ်မျိုးသားလုံး ကျန်းမာ့ကြံ့ခိုင်စေရေးအတွက် မြန်မာ့သိုင်း အားကစားနည်းပညာလှုပ်ရှားမှုကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စိတ်ပါဝင်စားစွာ ပါဝင်လှုပ်ရှားနိုင်စေရေးနှင့် နိုင်ငံတကာအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြန်မာ့တို့၏ရိုးရာ မြန်မာ့သိုင်းအားကစားနည်းဖြင့် မြှင့်တင်နိုင်မည့် ထူးချွန်ထက်မြတ်သော နိုင်ငံဂုဏ်ဆောင် သိုင်းအားကစားသမားများ ပေါ်ထွက်လာနိုင်စေရေးတို့အတွက် ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ဇီးကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ(၁၃၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၄)ရက်ကြာသင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးအောင် ပျဉ်းမနား(ပြန်/ဆက်)