မော်လမြိုင် မေ ၁၁
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၁) အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တစ်စီးလျှင် ကျပ်သိန်း(၆၉၀)တန် ပစ္စည်းစုံ လူနာတင်ယာဉ်အား မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့ ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၌ ကျင်းပသည်။
လူနာတင်ယာဉ်ပေးအပ်ပွဲတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အတွင်းရှိ ဘီးလင်းမြို့နယ်၊ ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် မုဒုံမြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးများထံသို့ ကျပ်သိန်း (၆၉၀) တန် Nissan UR Van 2020 ပစ္စည်းစုံ လူနာတင်ယာဉ် (၄) စီးနှင့် ပတ်သက်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ပြီး လူနာတင်ယာဉ်များအား လှည့်လည်ကြည့် ရှုခဲ့သည်။
အဆိုပါ ပစ္စည်းစုံလူနာတင်ယာဉ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ မွန် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဆရာဝန်ကြီးများ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝေလင်းအောင်