ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးတွင် လူနာများအား ဆေးဝါးကုသမှုများ (၂၄)နာရီ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် မေ ၁၁

ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာန အပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများတွင် ပြင်ပလူနာ၊ အတွင်းလူနာများအား (၂၄)နာရီ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးကို ဝန်ထမ်းအင်အား အခြေအနေအရ ဖေဖော်ဝါရီလ (၅)ရက်နေ့မှ စတင်ပြီး အတွင်းလူနာဌာနနှင့် အချို့သောဌာနများကို ယာယီပိတ် ထားခဲ့ရပြီး ပြင်ပလူနာဌာနနှင့် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ခွေးရူးပြန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုသာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဧပြီလမှစတင်ပြီး ဆရာဝန်၊ လက်ထောက်ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းအင်အား စုစုပေါင်း (၆၀)ကျော်ခန့်ဖြင့် အတွင်းလူနာ (၂၀)ဦးခန့်၊ အရေးပေါ်ပြင်ပလူနာဌာနကို နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ၊ အထူးကုပြင်လူနာဌာနတွင် အရေပြားရောဂါ ကုသရေးဌာနမှလွဲ၍ အခြားသော ဌာနများကို ပုံမှန်လည်ပတ်ကုသ ပေးလျက်ရှိသည့်အပြင် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများ ကိုပါ ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါလူနာများအတွက် သီးသန့်ခန်း၊ အကာအကွယ်ပစ္စည်းများထားရှိပြီး မတ်လ (၂၃)ရက်နေ့မှစတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်း၍ အသက်(၆၅)နှစ် အထက် ပြည်သူများ၊ ကျန်းမာရေးဌာနဝန်ထမ်း မိသားစုဝင်များ စုစုပေါင်း မတ်လတွင်(၃၅၀)ဦး၊ ဧပြီလတွင် (၇၀၀)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။

ယခုအခါ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးသို့ တစ်နေ့လျှင် ပြင်ပလူနာ ဦးရေ (၆၀) ဦးခန့် လာရောက်ပြသလျက်ရှိပြီး အတွင်းလူနာဦးရေ (၂၀) ဦးခန့် တက်ရောက်၍ ဆေးကုသမှု ခံယူလျက်ရှိ ကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)