ထန်းတပင်၌ အခြေခံမော်တာ စက်ချုပ်သင်တန်းဖွင့်လှစ်

ထန်းတပင်(ရန်ကုန်)၊ မေ ၁၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးနှင့် ကျေးလက်ကုန်ထုတ် လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာ အကူအညီများ ရရှိစေရန် ရည်ရွယ်၍ ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာစက်ချုပ်သင်တန်းကို အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထန်းတပင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စုအတွင်းရှိ စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ (၂၅)ဦးတို့ တက်ရောက်လျက်ရှိကြပြီး သင်တန်းကို မေလ(၄)ရက်နေ့မှ စတင်၍ ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ဇွန်လ(၁၇)ရက်နေ့အထိ (၄၅)ရက်ကြာ သင်တန်းသား၊ သူများအား အခြေခံမော်တာ စက်ချုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း လည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)