နေပြည်တော် မေ ၁၁
၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၁) ၏ မြို့နယ်၊ ခရိုင် အဆင့် ဘောလုံးပြိုင်ပွဲများအပါအဝင် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်ရန် အစည်းအဝေးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အတွက် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ကျင်းပနိုင်ရေး ယနေ့အစည်းအဝေးခေါ်ယူ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများ ဖြစ်လာစေရန်နှင့် ထူးချွန်သော နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အားကစားပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို ၂၄-၅-၂၀၂၁ ရက်နေ့မှ ၁၁-၆-၂၀၂၁ ရက်နေ့ထိ ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအား ကစားကွင်း၌ သက်ဆိုင်ရာကော်မတီများဖွဲ့စည်းပြီး အောင်အောင်မြင်မြင် ကျင်းပသွားရန်ဖြစ်ကြောင်း၊ မြို့နယ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲမှ ထူးချွန်သည့် ကစားသမားများကိုရွေးချယ်ပြီး တိုင်းဒေသကြီး/ပြည်နယ် အားကစား ပြိုင်ပွဲများကို ပြည်ထောင်စုနယ်မြေကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ဇွန်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင်လည်း တိုင်းဒေသကြီး/ ပြည်နယ် အသက်(၂၅) နှစ်အောက် အမျိုးသမီးဘောလုံး၊ အလေးမ၊ ဝူရှူး၊ ဖူဆယ်ပြိုင်ပွဲများကို ကျင်းပသွားမှာဖြစ်ကြောင်း၊ ယနေ့ တက်ရောက် လာသည့် ဆပ်ကော်မတီအသီးသီးမှ မိမိတို့အားပေးအပ်သော တာဝန်ပိုင်းအလိုက် ကျေကျေပွန်ပွန် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး က ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများနှင့် ဆပ်ကော်မတီဖွဲ့စည်းထားရှိမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့်ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန မှ ပြိုင်ပွဲကျင်းပရေးအတွက် ကျခံသုံးစွဲမည့် ကုန်ကျ စရိတ်ငွေများနှင့် အားကစားပစ္စည်းများကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ပြိုင်ပွဲကျင်းပရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးအား လည်းကောင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က မြို့နယ်ရှစ်မြို့နယ်မှ မြို့နယ်ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူးများအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)