မြောက်ဥက္ကလာပ မေ ၁၁
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းထွေးက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကို ပြန်လည်ဖွဲ့စည်း၍ အသိပညာပေး လုပ်ငန်းများဖြစ်သည့် Mask Campaign ဆောင်ရွက်ပေးခြင်း၊ ရပ်ကွက်အလိုက် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိသူ မရှိသော်လည်း Quarantine Centre အား မယ်လမုသုံးထပ်ဓမ္မာရုံတွင် ကြိုတင်ပြင်ထားရှိရန်၊ ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ ဖွဲ့စည်းထားရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မိမိရပ်ကွက် အလိုက် စေတနာ့ဝန်ထမ်းများ ထားရှိရန်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် စသည့်တို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာမြတ်စန္ဒာအေးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် စေတနာ့ဝန်ထမ်းများရှိပါက သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကျောင်းများသို့ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာအေးမိုးသက်မြင့်က ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)