တွံတေး မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တွံတေးမြို့နယ် ကံဘဲ့ကျေးရွာ အုပ်စု၊ ကံဘဲ့ကျေးရွာရှိ ကျေးလက်နေ အမျိုးသမီးငယ်များ အိမ်မှုကိစ္စအပြင် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း သင်တန်းများတက်ပြီး အခြေခံအပ်ချုပ်စက်သင်တန်းမှတစ်ဆင့် စက်ရုံ အလုပ်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန်အခြေခံမှ တစ်ဆင့် အဆင့်မြင့်သင်တန်းများ အတွက် အခြေခံရရှိရေး တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းမှ အပိုဝင်ငွေရှာနိုင်ရန် မိသားစုဝင်ငွေ တိုးစေရန် ရည်ရွယ်၍ အခြေခံမော်တာအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ခွဲက ကံဘဲ့ကျေးရွာ ဆုတောင်းပြည့်စေတီ တန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူက တွံတေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန် ရည်ရွယ်၍ မြို့နယ်များ၌ အခြေခံမော်တာအပ်ချုပ်စက်သင်တန်းများ ဖွင့်လှစ်ပေး နေမှုတို့အား ရှင်းလင်းပြောကြားပြီး သင်နည်းပြဆရာမ ဒေါ်တင်တင်မိုးက သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါ သင်တန်းသို့ ကံဘဲ့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသူ (၃၀)ဦး တက်ရောက် လျက်ရှိပြီး သင်တန်းကာလမှာ (၂)လကြာ သင်တန်းဖြစ်ကာ မော်တာအပ်ချုပ်စက်ဆိုင်ရာများနှင့် အမျိုးငယ်များ မိန်းခလေးဝတ် အင်္ကျီ ကိုယ်တိုင်ညှပ်၊ ချုပ်နိုင်သည့်အထိ စာတွေ့၊ လက်တွေ့ သင်တန်းကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးလှိုင် (တွံတေး)