ကျောက်ဆည်မြို့နယ် ပန်းခွာကျေးရွာတွင် (ပဉ္စမ)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေး

​ကျောက်ဆည် မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး ကျေးရွာများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းအဖြစ် အရင်းအပျောက် မတည်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ထုတ်ချေးပေးခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ် ပေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးခြင်း   စသည့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ပန်းခွာကျေးရွာ တွင် (ပဉ္စမ)ကြိမ်မြောက် မြစိမ်းရောင် ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုး နှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ကိုင်သူ (၈၄)ဦးအတွက် ငွေကျပ်(၂၅၉)သိန်းကျပ်၊ မွေးမြူရေး လုပ်ကိုင်သူ(၂၅)ဦး အတွက် ငွေကျပ်(၆၂)သိန်း ငါးသောင်းကျပ်၊အရောင်းအဝယ် လုပ်ကိုင်သူ (၃၀)ဦးအတွက် ငွေကျပ်(၇၇)သိန်း ငါးသောင်းကျပ်၊ စုစုပေါင်းငွေကျပ် (၃၉၉)သိန်းကျပ်ကို အိမ်ထောင်စု(၁၃၉)စုအတွက် ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများကို  (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ်တွင် ရွှေလေးကျေးရွာအား စတင်ထုတ်ချေးပေးခဲ့ပြီး၊ (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်တွင် ကျေးရွာ(၁၃)ရွာ၊ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်တွင် ကျေးရွာ(၈)ရွာ၊ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် ကျေးရွာ(၆)ရွာ၊ (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်တွင် ကျေးရွာ(၅)ရွာ၊ (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် ကျေးရွာ(၃)ရွာ၊ (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင်ကျေးရွာ(၂)ရွာ တို့အား အသီးသီးထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)