နေပြည်တော် မေ ၁၁
နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁)ကို ယမန်နေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က လယ်ယာမြေများကို စီမံခန့်ခွဲရာတွင် အကျိုးရှိရှိ အသုံးပြုနိုင်ရေးနှင့် နိုင်ငံတော်၏ စိုက်ပျိုးမြေများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဥပဒေနှင့်ညီ/မညီ အဆင့်ဆင့်ညှိနှိုင်း ဆောင်ရွက်ကြရန်၊ နိုင်ငံတော်အတွက်အကျိုးရှိမည့် ကိစ္စရပ်များကို ထောက်ခံတင်ပြရမှာဖြစ်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှု ဥပဒေများ၊ နည်းဥပဒေများအတိုင်း လိုက်နာကျင့်သုံးကြရန်၊ စီမံခန့်ခွဲရာတွင် မှန်မှန်ကန်ကန်ဖြင့် နိုင်ငံတော်အတွက် အကျိုးရှိမည့် လယ်ယာမြေစီမံခန့်ခွဲရာတွင် အဂတိကင်းကင်းနှင့် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က လယ်ယာမြေများပေါ်တွင် ပြောင်းလဲအသုံးပြုမည့် အကြောင်းအရာများနှင့်ပတ်သက်သည့် လျှောက်ထားလွှာများနှင့် ဆုံးဖြတ်ရန် အချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)