နွားထိုးကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်

နွားထိုးကြီး မေ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံ ပန်းရံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် မြို့နယ်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်အေးအေးသိန်းမှ အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ သင်တန်းနည်းပြ မှ သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် လက်တွေ့ ဆောင်ရွက်မည့် အကြောင်းအရာများကို ကဏ္ဍတစ်ခုချင်းစီ အလိုက် ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား (၁၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို Covid-19 ရောဂါကာကွယ်ရေး ညွှန်ကြား ချက်များနှင့်အညီ သင်တန်းကာလ(၁၅)ရက်ကြာ လက်တွေ့သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်