တွံတေး မေ ၁၁
လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး- ကော့မှူး - ကွမ်းခြံကုန်း (၃) မြို့နယ်ဆက်သွယ်ထားသော တွံတေး -ရေကျော်လမ်ပိုင်းအား ကွန်ကရစ်လမ်းမကြီး အဖြစ် အဆင့်မြင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကျော် (၃) မြို့နယ်ဆက်သွယ်ထားသော ကွန်ကရစ်လမ်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ခွင့်ပြုရန်ပုံငွေကျပ် (၄၃၁.၆၆၇) သန်းဖြင့်အရှည် တစ်မိုင်၊ အကျယ် ၁၄ ပေ ၊ ထု ၇ လက်မခင်းရရန်အတွက် မြေညှိခြင်း၊ အမာခံမြေသားတောင်မြေဖိုခြင်း၊ လိပ်သဲကျောက် ထု၆လက်မခင်းကာသဲဖုံးအုပ်ပြီး လမ်းသားအမာခံ ရရှိစေရန် လမ်းကြိတ်စက်ဖြင့်ကြိတ်ပြီး အမာခံပေါ်မှ ကွန်ကရစ်လောင်ခြင်းဖြစ်ကြောင်း သိရသည်။
တွံတေး - ရေကျော်လမ်းပိုင်းမှာအရှည် ၉မိုင်၄ဖာလုံရှိသည်။ ယင်းပေါ်ရှိ ရေကျော်ချောင်းတံတားမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သံကူကွန်ကရစ်ဘိုးပိုင်ဖြင့် ဆောက်လုပ်ထားကာ အရှည်ပေ ၂၄၀ ပေ ၊ အကျယ် ၂၂ ပေ ၊ အမြင့် ၁၁ ပေ ခံနိုင်ဝန်ကုန်ယာဉ်တစ်စီးချင်းတန် ၆၀ ခံတံတားကြီးတစ်စင်း ဖြစ်သည်။ တံတားမှတစ်ဆင့် တွံတေး - ကော့မှူး -ကွမ်းခြံကုန်း မြို့နယ်များမှ ဒေသခံပြည်သူများမှာ တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နှင့်တစ်မြို့သို့ သွားလာဆက်သွယ်ရေး အဆင်ပြေ လွယ်ကူလျက် ရှိနေပြီး ဖြစ်သည်။ ယခင်က ရေလမ်းကိုသာ အဓိကထား သွားလာရသော ကျေးရွာများ ယခုအခါရေကျော် ( ၃) မြို့နယ်ဆက်လမ်းကြောင့် ရေကျော် / အိုးဘို / ပျဉ်းကတိုး / တလုတ္ထော် / ဒညင်းဆိပ်ကျေးရွာများသိုလည်းကောင်း၊ ရေကျော် / ကျုံဖာ / ကွမ်းခြံကုန်းလေး / ချောင်းဝ ကျေးရွာများသို့လည်းကောင်း၊ ရေကျော် /ညောင်ကုန်း / ဘိုးသကြား / ကျိုက်ထော်/ အောက်ကျောင်း/ဥတို ကျေးရွာများသို့လည်းကောင်း၊ ရေကျော် / မဆယ်ဆိပ် /ပုပ္ပါး / မှော်တော / ဝါးသင်္ခ / တောကျောင်း / ကမာကလွန်း / တော်လရမ်းလေးမှ ဒေးဒရဲတံတားအထိ လည်းကောင်း ဒေသခံပြည်သူများ တွံတေး - ကော့မှူး - ကွမ်းခြံကုန်း အရှေ့ဘက် ကတ္တရားလမ်းအပြင် ယခုအနောက်ဘက် ကွန်ကရစ် လမ်းမကြီးမှတစ်ဆင့် ဒေသခံပြည်သူများကျေးရွာပေါင်း (၄၀)ကျော် လူဦးရေ (၅၀၀၀၀) ကျော်၏ ဒေသစီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းအဝဝကို ယခင်ကထက် ပိုမိုဖွံဖြိုးတိုးတက်လာကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရသည်။
မျိုးလှိုင် (တွံတေး)