နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဆီဆိုင်    မေ    ၁၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေများဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရေးနှင့် ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယနေ့ နံနက် ၉ နာရီက လုပ်ငန်းအရည်အသွေးကောင်းမွန်မှုရှိ/မရှိကို တာဝန်ရှိသူများက မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဟိုပုံးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစောသန်းချစ်၊ မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီဝင်များ နှင့် တာဝန်ရှိသူများက ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၂၄၉.၉၆၆)သန်းဖြင့် တဘက်ကျေးရွာအုပ်စုနှင့် ကုန်းဆွတ်ကျေးရွာအုပ်စု၊ အုပ်စုချင်းဆက်လမ်းဖြစ်သည့် ဝိန်းကောင်-နောင်ခမ်း-နောင်ပီ-လုံစံ-နောင်ချိုသွား မြေသားလမ်း (၇/၀)မိုင်အနက် (၂/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်(၁၉၁.၆၄၇)သန်းဖြင့် လွယ်ပွတ်ကျေးရွာအုပ်စုအတွင်းရှိ လွယ်ပွတ်-လိုက်ပေး-ဘန်းနောင်ကား (၅/၀)မိုင်အနက် (၁/၄)မိုင် ကျောက်ချောခင်းခြင်း(နတလမှ ကတ္တရာထောက်ပံ့၍ ကတ္တရာလမ်း အဆင့်မြှင့်တင်)လုပ်ငန်း၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်(၉၆.၉၇၄)သန်းဖြင့် ပါလောပါကယ်ကျေးရွာအုပ်စု အတွင်းရှိ ကျားတောင်-ကောင်ပန်းတန်း(၆/၀)မိုင်အနက် (၁/၀)မိုင် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ ပြည်နယ်ရန်ပုံငွေ ကျပ်(၄၈.၀၀၅)သန်းဖြင့် နားမွန်း-ထီဗွာလမ်း (၈/၂)မိုင် အနက်(၇/၀)မိုင်မြေသားလမ်း ဖောက်လုပ်ပြီး ကျန်(၁/၂)မိုင်(အပြီးသတ်) မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများပြီးစီးပါက ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)