ရန်ကုန် မေ ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာ တင်ယာဉ်ကား(၂)စီးဖြင့် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၌ အမျိုးသမီးတစ်ဦး မေးရိုးကျိုးလူနာနှင့် ကမ်းနားအလယ် ရပ်ကွက်၊ အောင်ဇေယျအိမ်ရာတိုက်(၁)၌ အမျိုးသားတစ်ဦး ဆေးရုံရက်ချိန်းပြရန် အကူအညီ တောင်းခံလာသဖြင့် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်း၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် ကြက်ခြေနီ စေတနာ့လုပ်အားရှင်များက လူနာတင်ယာဉ်ကား(၂)စီးဖြင့် သွားရောက်၍ ရှေးဦး ပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး အင်းစိန်မြို့နယ်၊ ကောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းမှ လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့ စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေး စောင့် ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။ ဇွဲထက်ကို(ပြန်/ဆက်)