မုဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်

မုဒုံ မေ ၁၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ယာယီ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၈နာရီက မုဒုံမြို့နယ် ရွှေဟင်္သာ ခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်၊ အမှတ်(၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ရင်း တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး လှိုင်အောင်မင်း နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက မုဒုံမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ယာယီအုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းတို့အနေဖြင့်မိမိတို့တာဝန် ထမ်းဆောင်ရာတွင်ရပ်ရွာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် ပြည်သူများအား ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေး၊ ရုံးလုပ်ငန်း စနစ်များ စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် တတ်စေရန်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့ လုပ်ငန်းစဉ် (၅) ရပ်တို့ကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျရာ အခန်း ကဏ္ဍမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်း ပူးပေါင်းထမ်းဆောင်ကြရန် ပြောကြားသည်။

ထို့နောက် သင်တန်းဖွင့်လှစ်ရခြင်းကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်က ဆွေးနွေးတင်ပြပြီး အဆိုပါသင်တန်းကို သင်တန်းနည်းပြ (၈)ဦးတို့ဖြင့် မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၄၂)ရွာမှ ယာယီ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း (၈၄) ဦးအား(၅) ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ