သထုံ မေ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ယာယီ အုပ်ချုပ် ရေးမှူးများနှင့် စာရေး ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ဥပဒေ/နည်းဥပဒေများနှင့်အညီ စနစ် တကျ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲ အခမ်း အနားကို ယမန်နံနက် ၈ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး နေထွဋ်ဦးက ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များမှာ အခြေခံအကျဆုံး အုပ်ချုပ်ရေးအဖွဲ့များဖြစ်ပြီး အဂတိကင်းစွာဖြင့် လုပ်ငန်းများကို မှန်ကန်စွာ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဆက်စပ်ဆောင်ရွက် ရမည့် ဌာနများ၏ လုပ်ငန်းများကို စနစ်တကျနားလည်မှသာ လုပ်ငန်းများမှန်မှန် ကန်ကန် ဆောင်ရွက် နိုင်မည်ဖြစ်ပြီး ဆောင်ရွက်မှူများကို အထက် အဆင့်ဆင့် သို့မှန်မှန်ကန်ကန်တင်ပြကြစေလိုကြောင်း၊ မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကို စနစ်တကျနားလည်မှသာ အများပြည်သူအား ကိုးထိုက် သူများဖြစ်ပြီး ရပ်ရွာအကျိုး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မောင်မောင်က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များ၊ ရပ်/ကျေးဥပဒေ၊ နည်းပဒေများ ပိုမိုသိရှိစေရန်၊ ပုံစံ(၂၇) မျိုး ဆောင်ရွက်တတ်စေရန်၊ ဆက်စပ် ဋ္ဌာနဆိုင်ရာ များ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ချက်များနှင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အတွင်း နေထိုင်သူများ၏ တာဝန်ဝတ္တရားများ၊ အခွင့်အရေးများ သိရှိစေရန်ရည်ရွယ်၍ ယခု သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က မွန်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါသင်တန်းတွင် သထုံမြိုနယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၅၄)စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များ စုစုပေါင်း (၁၀၀)ဦးကျော် တို့အား မေလ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့ အထိ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။