မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရပ်ကွက်/ ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မော်လမြိုင် မေ ၁၀

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မော်လမြိုင်မြို့ စုပေါင်းရုံးခြောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက “ဒီကနေ့ သင်တန်းတက်ရောက်လာကြတဲ့ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများဟာဆိုရင် မြန်မာနိုင်ငံအုပ်ချုပ်ရေးယန္တရားမှာ အခြေခံအကျဆုံး အုပ်ချုပ်ရေး အဖွဲ့တွေဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ အရေးပါတဲ့ အင်အားစုတွေဖြစ်သလို ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံပြောဆို ဖော်ဆောင်နေကြရတဲ့ ပုဂ္ဂိုလ်တွေဖြစ်တာကြောင့် ကိုယ်စီ ကိုယ်စီ စွမ်းရည်ပြည့်ဝပြီး တက်တက်ကြွကြွ ဆောင်ရွက်နိုင်စေဖို့နဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းရွက်တဲ့နေရာမှာ တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်တတ်စေဖို့ လိုအပ်တဲ့ အတွက် ဒီနေ့သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများကို ယခုလို သင်တန်းဖွင့်လှစ် လေ့ကျင့်သင်ကြား ဆွေးနွေးပေးခြင်းအားဖြင့် မိမိတို့ ရပ်ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသ ဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြား ချက်တွေနဲ့အညီ အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်စေရန်၊ ပြည်သူ တွေကို ထိရောက်တဲ့ ဝန်ဆောင်မှုပေးနိုင်ရန်၊ ရုံးလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် ဌာနဆိုင်ရာများနဲ့ ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်နိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ရ ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် သင်တန်းတွင် သင်ကြားမည့် ဦးစီး တာဝန်၊ နိုင်ငံဝန်ထမ်းဥပဒေ၊ ရုံးစာရေးသားနည်းများ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများ၊ လဝက ဆိုင်ရာလုပ်ငန်းများ၊ စည်ပင်သာယာရေးဥပဒေ/ နည်းဥပဒေနှင့် မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့လုပ်ငန်းများ၊ လယ်ယာမြေဥပဒေ/ နည်းဥပဒေ/ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ၊ မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ/ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ/ နည်းဥပဒေများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ/ ရာဇသတ်ကြီး ဥပဒေနှင့် သက်သေခံပစ္စည်း တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ သိသင့်သိထိုက်သောဥပဒေများ၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင် ရာလုပ်ငန်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ အခွန်ကောက်ခံရေးနှင့် စီမံ ခန့်ခွဲရေးလုပ်ငန်းများ စသည့် ဘာသာရပ်ဆိုင်ရာ စာအုပ်များ ခင်းကျင်းထားမှုကို ကြည့်ရှုခဲ့သည်။

အဆိုပါ ရပ်ကွက်/ ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို မေလ ၁၀ ရက်နေ့ ၁၄ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်သွား မည့်ဖြစ်ရာ သင်တန်းကို မော်လမြိုင်မြို့နယ် ရပ်ကွက်(၂၉)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၁၃)အုပ်စုရှိ ယာယီအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း စုစုပေါင်း(၈၄) ဦး တက်ရောက်သင်ကြား မည်ဖြစ်ကြောင်း သိရသည်။

ဝေလင်းအောင်