သံဖြူဇရပ်မြို့၌ ရပ်ကွက်/ကျေးရွာယာယီအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင် ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

သံဖြူဇရပ် မေ ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ ကျေးရွာ ယာယီ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်လယိတမက သင်တန်းဖွင့်ပွဲတွင် ရပ်ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကိုချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများသည် ပြည်သူများနှင့် အဓိကဆက်ဆံရသူများ ဖြစ်၍ ယခုဖွင့်လှစ်သည့် စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းမှရရှိသည့်အချက်အလက်များကို အခြေခံ၍ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ပြီး လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်သွားကြစေရေး အမှာစကား ပြောကြားပေးသည်။

အဆိုပါသင်တန်းသို့မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် နိုင်လယိတမ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ သင်တန်းပို့ချပေးမည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၄၁)အုပ်စုမှူးနှင့် စာရေးဝန်ထမ်း စုစုပေါင်း (၈၂) ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကို မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၅) ရက်တာ နေ့စဉ် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။