ကျောက်ပန်းတောင်း မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဖြစ်သည့် Ultrasound ရိုက်ခြင်းနှင့် အခြားလိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုလုပ်ငန်းများကို တပ်မတော် သားဖွားမီးယပ် အထူးကုပါရဂူနှင့် ကြည့်ရှုစစ်ဆေး ပေးနေခြင်းဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက်(၉)နာရီမှ စတင်၍ ကြည့်ရှု စစ်ဆေးပေးလျက်ရှိရာ မေလ ၈ ရက်နေ့တွင် ကိုယ်ဝန်ဆောင်မိခင်(၃၀) ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မွေးလူနာ (၄)ဦးအား အရေးပေါ်ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်း ပြည်သူ့ဆေးရုံတွင် (၂၆-၃-၂၀၂၁) ရက်နေ့ မှ စတင်၍ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်ဆေးဘက်ဆိုင်ရာ ဆရာဝန်များ၊ ပါရဂူများဖြင့် အပတ်စဉ်ကြည့်ရှုစစ်ဆေး ပေးနေခြင်းဖြစ်ပြီး မေလ ၈ ရက်နေ့အထိ အရေးပေါ်ခွဲစိတ်မွေးဖွားလူနာ(၇)ဦး၊ ရိုးရိုးမွေးဖွားလူနာ(၉)ဦး စုစုပေါင်း(၁၆)ဦးနှင့် တပ်မတော်စစ်ဆေးရုံ (မိတ္ထီလာ)သို့ လွှဲပို့လူနာ(၅)ဦးရှိကြောင်းသိရသည်။ ထို့ပြင် ကျောက်ပန်းတောင်း ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာနှင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် လိုအပ်သူများကို ရေးပေါ်ဌာနဖွင့်လှစ်၍ (၂၄)နာရီ စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုနေ(ကျောက်ပန်းတောင်း)