မိုင်းယောင်း မေ ၈ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ အခြေခံပညာကျောင်းများ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရေး အတွက် မေ ၉ ရက်က ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ဇွန် ၁ ရက်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ထွေ/အုပ်၊ ပညာရေး စသည့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများနှင့် ရွာသူ ရွာသားများက မိမိတို့ ရပ်ကွပ်/ကျေးရွာကျောင်းတွင် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများကို အသီးသီး ဆောင်ရွက်ပေးကြသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝ မရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ(Face Shield)တို့ကို အခမဲ့ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။ စိုင်းအောင်ဇော်လင်း