လားရှိုး မေ ၈
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ပြောကြားချက်အရ မကြိုက်သည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ တူညီသည့် လမ်းကြောင်း သွားရအောင်နှင့် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက် နိုင်ငံ့လစာစားမှတော့ ဘယ်အစိုးရတက်တက် နိုင်ငံပေါ်သစ္စာရှိရမည်ဖြစ်ကြောင်း၊ မိမိတို့အုပ်ချုပ်ရေးပိုင်းတွင် အရပ်ဘက်ကအုပ်ချုပ်ပြီး တပ်မတော်က ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း၊ မိမိတာဝန်ယူသည့်ကာလတွင် အမြင်ရှင်းလင်းပြီး တူညီသည့် အကြံဉာဏ်ကောင်းများဖြင့် ရှေ့ဆက်၍ နိုင်ငံ့တာဝန်ကို ဆက်လက်ထမ်းဆောင်ရန်၊ မိမိတို့ကို အမြင်ရှင်းရန်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်၊ ဆရာမများအား ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ငါးဘူးတို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ လားရှိုးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် လာရောက်ကုသနေသော လူနာများအား လှည့်လည်ကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် လားရှိုးမြို့ အမှတ်(၉) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ သွားရောက်ကာ ဆရာဝန်၊ သူနာပြုများအား တွေ့ဆုံအမှာစကားပြောကြားပြီး ဆေးရုံအတွက် ဆေးပဒေသာပင် ငွေကျပ်သိန်း(၂၀)နှင့် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများအတွက် ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ငွေကျပ်(၁၂၉၀၀၀၀)ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ထောက်ပံ့ပေးအပ်ရာ အမှတ်(၉)တပ်မတော်ဆေးရုံ ဗိုလ်မှူးသိန်းဝင်းကျော်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် လာရောက်ဆေးကုသခံယူနေသော လူနာများအား လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားကာ စားစရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဘာသာမရွေး လူမှုကူညီရေးအသင်းရုံသို့ သွားရောက်ကာ အစာအိမ်မှန်ပြောင်းကြည့်ခန်း၊ ကျောက်ကပ်သန့်စင်ခန်းအား သွားရောက်ကြည့်ရှုခဲ့ပြီး ကျောက်ကပ်သန့်စင်စက်နှင့် ထရန်စဖော်မာအတွက် အလှူငွေကျပ် (၇၈)သိန်းကို ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)