မိုင်းဆတ်မြို့ သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဒုတိယအကြိမ် အခမဲ့ပညာဒါန ကွန်ပျူတာသင်တန်းဖွင့်လှစ်

မိုင်းဆတ် မေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဒုတိယ အကြိမ် အခမဲ့ပညာဒါန ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက သဗ္ဗညု ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် သံပြိုင်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး သဗ္ဗညုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣက- သဒ္ဓမ္မဇောတိကဓဇ မှ သင်တန်းနှင့်ပတ်သက်၍ ဆုံးမဩဝါဒစကားမိန့်ကြားခဲ့သည်။ ဆက်လက်၍ သင်တန်း နည်းပြ ဆရာတော် ဒေါက်တာအရှင်ဣန္ဒဝံသ က သင်တန်းသား၊ သင်တန်းသူများအား Window application courses၊ Adobe PageMaker၊ Microsoft Word၊ Microsoft PowerPoint၊ Microsoft Excel၊ Power Director Video Editing နှင့် Adobe Photoshop စသည့် သင်ခန်းစာ(၇)မျိုးအား သင်တန်းကာလ(၂)လကျော်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီးမြောက်ပါက သင်ကြားထားသော သင်ခန်းစာအလိုက် သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းရှင်းလင်းမိန့်ကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့  နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦးနှင့် တပ်မတော် အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ(၉၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)