ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပလနကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံ၊ တက္ကသိုလ်ဒီဂရီကောလိပ်များသို့ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်နေသူများအား သွားရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား မေ ၈

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်းရှိ ပလန (၁၊၂၊၃၊၄၊၅)နှင့် ငွေပျော်စံပြကျေးရွာများမှ  ပြည်သူများနှင့် ပလန(၂) ကံ့ကော်မြိုင် ကျေးရွာ၊ ရွှေကံကော်ခန်းမ၌ တွေ့ဆုံခဲ့ကြသည်။

ပြည်သူများနှင့်တွေ့ဆုံရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လက်ရှိပြောင်းလဲ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်တို့ကို ချမှတ်၍ ဆောင်ရွက်နေသည့် အခြေအနေများ ကိုရှင်းလင်းပြောကြားပြီး မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကြားကာလတာဝန် ယူဆောင်ရွက် ရသော်လည်း နယ်မြေတည်ငြိမ်အေး ချမ်းရေး၊ မိမိတို့ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအပြင် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အားလုံးအတူ တကွလက်တွဲ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြား သည်။

ထို့နောက် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာ ဌာနများ အလိုက် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို မိတ်ဆက်စကားပြောကြားပြီး ကျေးရွာအုပ်စုများမှ ပြည်သူများကိုယ်စား ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးရွာအုပ်စုအတွင်း လိုအပ်လျက်ရှိသော ကျေးရွာချင်းဆက်လမ်းများ၊ ရွာတွင်းလမ်းများနှင့် ရေနှုတ်မြောင်းများ တူးဖော်နိုင်ရေး၊ မသန်စွမ်းသူများ ထောက်ပံ့ပေးရေး၊ အခြေခံပညာကျောင်းအဆောက်အုံများ ပြင်ဆင် ဆောက်လုပ်ပေးနိုင်ရေး၊ မြေယာကိစ္စ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ တင်ပြရာ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မှုအခြေအနေတို့ကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျေးရွာအတွင်း လိုအပ်ချက်များနှင့် ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ပြည်နယ်ကောင်စီအဖွဲ့များနှင့် ညှိနှိုင်း ပေါင်းစပ်၍ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာလုံခြုံရေးအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့တွင် မေလ (၅)ရက်နေ့မှ စတင်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မြစ်ကြီးနားတက္ကသိုလ်၊ နည်းပညာတက္က သိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့တွင် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးခဲ့ကြပြီး သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် လိုအပ်သည့် အခက်အခဲများကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ် (ပြန်/ဆက်)